အုတ်တွင်းမြို့နယ်၌ အခြေခံပညာမူလတန်းလွန်(ကြက်သွန်ခင်း-၁)ကျောင်းသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်

အုတ်တွင်း    သြဂုတ်   ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဥာဏ်သွေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် နံနက် ၁၀ နာရီခွဲအချိန်က အ.မ.က(မူလွန်)ကြက်သွန်ခင်း-၁ ကျောင်းသို့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်ခင်မူမူဝင်းမှ ကလေးငယ်များအား မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်းအသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင်ကစားသုံးရန်မသင့်သောအစားအစာနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်ခင်မာက စာဖတ်ခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီး ကလေးများအား ကိုယ်ကာယဥာဏစွမ်းရည်များဖွံ့ဖြိုးစေရေး၊အချင်းချင်း ပူးပေါင်း ဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးမှုများ ရရှိစေရေးရည်ရွယ်ကာ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်၍ကလေးငယ်များအား ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံပြင်ပြောပြခြင်းများဆောင်ရွက်ခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် အသိပညာပေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်အသိပညာပေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များပြသပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)