သဲကုန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်

သဲကုန်း ဩဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင်  မိခင်နှင့်ကလေး ကျန်းမာရေးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဒုတိယအပတ်အဖြစ် အသက် (၆)လမှ (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ဩဂုတ်လ ၁၅ ရက်နေ့က မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကိုမြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်လှလှရွှေနှင့်အဖွဲ့ဝင်များ ပူးပေါင်း၍ ကလေးငယ်များအား ဗီတာမင်အေအားဆေးနှင့် သံချဆေးတိုက်ကျွေးခြင်း ကိုယ်အလေးချိန်တိုင်တာခြင်းများကို ကလေးငယ်(၁၆၀)ဦးအားကျန်းမားရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအဖြစ် ပထမပတ်တွင် မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယပတ်တွင် ၅ နှစ်အောက် ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ဆောင်ရွက်ခဲ့ပြီး တတိယအပတ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး၊ စတုတ္ထပတ်တွင် အိုင်အိုဒင်းချို့တဲ့ရောဂါ ပပျောက်ရေးလုပ်ငန်းများကို ရက်သတ္တပတ်အလိုက် လှုပ်ရှားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)