လောင်းလုံးမြို့နယ်၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

လောင်းလုံး ဩဂုတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အဂတိလိုက်စားမှု မဖြစ်ပေါ်စေရေးရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်စီစဥ်ဆောင်ရွက်မှုဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက လောင်းလုံးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ခေါင်းဆောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်(၃)ရပ်ကို ရှင်းလင်းခြင်း၊ အဂတိတရား (၄)ပါး  ရှောင်ရှားခြင်း၊ အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးရေးအဖွဲ့၊ အဖွဲ့ဝင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းလှရှိန်က နိုင်ငံ့ဝန်ဥပဒေနှင့် နည်းဥပဒေများ၊ ဝန်ထမ်းများ၏ အခွင့်အရေးများကို လည်းကောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင် မြို့နယ်ဥဒေအရာရှိ ဦးအောင်မျိုးသန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်အဂတိတိုက်ဖျက်ရေးအဖွဲ့ဝင် မြို့နယ်တရားသူကြီး ဦးအောင်ငြိမ်းချမ်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် ပတ်သက်၍ဆွေးနွေးခဲ့ရာ တက်ရောက်သည့်လာကြသည့် ဌာနဆိုင်ရာများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)