ဘားအံပညာရေးဒီဂရီကောလိပ်၌ တိုင်းရင်းသားဘာသာစကားသင်ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေး၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ ပြည်နယ်အဆင့်အထိမ်းအမှတ်အခမ်

ဘားအံ ဩဂုတ် ၁၇

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်တွင် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲ(၂/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က အဆိုပါဒီဂရီကောလိပ်သီရိခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှားစကားပြောကြားပြီး  ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက အရည်အသွေးမြှင့်အထောက်အကူပြု ပို့ချချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်၊ မွန်၊ ပအိုဝ်း တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမ(၂၃၅)ဦးအတွက် ငွေကျပ်နှစ်ဆယ့်သုံးသိန်းငါးသောင်းကို ထောက်ပံ့ပေးအပ်ကာ သင်တန်းသား၊ သင်တန်းသူများက တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် တိုင်းရင်းသားဘာသာစကားသင်ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပြီး အဆိုပါဆွေးနွေးပွဲကို ဩဂုတ်လ ၁၅ ရက်နေ့မှ ၂၅ ရက်နေ့ထိ အခြေခံဘာသာစကားသင်ပြနည်း၊ နိုင်ငံချစ်စိတ်နှင့်ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ဖွံ့ဖြိုးရေး၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အစရှိသည့် ဘာသာရပ်(၅)ခုကို ဘားအံပညာရေးဒီဂရီကောလိပ် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် သင်ကြားရေးဆရာ၊ ဆရာမများက ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲ(၁/၂၀၂၂)တွင် တိုင်းရင်းသားဘာသာစကားသင်ဆရာ၊ ဆရာမ(၃၀၀)ဦး၊ ယခု(၂/၂၀၂၃)တွင် ဆရာ၊ ဆရာမ ၂၃၅ ဦးနှင့် (၃/၂၀၂၃)ဖြင့် စက်တင်ဘာလဆန်းတွင် ဆရာ၊ ဆရာမ ၁၆၄ ဦးကို ထပ်မံဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ၂၀၂၃ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်အမှာစကားပြောကြားသည်။

ထို့နောက် အခြေခံပညာဦးစီးဌာန ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးစသိန်းကျော်က ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာကျော်စွာမြင့်က ရက်သတ္တပတ်လှုပ်ရှားမှုများနှင့်ပတ်သက်၍ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျောင်းကျန်းမာရေးလှုပ်ရှားမှုအထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ(ထက်၊ လယ်၊ မူ) ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများ၊ မိခင်နို့တိုက်ကျွေးမှု စံပြမိခင်ဆု ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက Fitness Dance ဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ အခမ်းအနားသို့တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ခင်းကျင်းပြသထားသော ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ပိုစတာများ၊ မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်များနှင့်၎င်းတို့၏ဇနီးများသည် အသက်(၅)နှစ်အောက်ကလေးများအား ဗီတာမင်အေဆေးလုံးများတိုက်ကျွေးကြပြီး ကိုယ်ဝန်ဆောင်မိခင်များအား ပဲနီလေး၊ ကြက်ဥ၊ အိုင်အိုဒင်းဆား၊ ဆီအစရှိသော အာဟာရလက်ဆောင်များပေးအပ်ကာ ကလေးသူငယ်များအား ကြက်သားဆန်ပြုတ်(အာဟာရ)များ တိုက်ကျွေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)