ရွှေကျင် ဩဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း တို့ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုများကို ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ (၃)နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ညွန့်ညွန့်ဌေးက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပေးသည်။ ၎င်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက်(၆)လမှ(၅)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြစ်စေမည့်အစားအစာများအကြောင်းကို ရှင်းလင်းပြောကြားပေးသည်။
ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ညွန့်ညွန့်ဌေးနှင့်အဖွဲ့ဝင်များက အာဟာရဖြစ်စေမည့် ကြက်ဉ၊ ငှက်ပျောသီး၊ ကုလားပဲနှင့်ဆား စသည့် အစားအစာ(၄)မျိုးကို ထောက်ပံ့ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူ၊ ဆေးရုံအုပ်ဒေါက်တာသိန်းနိုင်လင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ညွန့်ညွန့်ဌေးနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကလေး/မိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ တက်ရောက်ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)