လွိုင်ကော် ဩဂုတ် ၁၇
ကယားပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ကယားပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက ပြည်နယ်အတွင်း ယာဉ်မတော်တဆမှုများကြောင့် ပြည်သူများ၏ အသက်အန္တရာယ်ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းကျဆင်းစေရေးမှသည် ပပျောက်သည်အထိမျှော်မှန်းပြီး ရှေ့လုပ်ငန်းစဉ်များနှင့် အစီအမံများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက် ရမည်ဖြစ်ကြောင်း ၊ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းများကို ပြည်သူများသိရှိလိုက်နာဆောင်ရွက်နိုင်စေရေးအတွက် နယ်ပယ်စုံမှ ကျယ်ပြန့်စွာအသိပညာပေးခြင်း၊ ထိရောက်စွာစစ်ဆေးခြင်း၊ အရေးယူခြင်းတို့ကို အဆင့်လိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းလမ်းများ၏ လမ်းအရည်အသွေးဆိုင်ရာလုပ်ငန်းစဉ်များကိုလည်း တစ်ပြေးညီ ပြည့်စုံမှန်ကန်ကိုက်ညီမှုရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစီမံချက် (၂၀၂၁-၂၀၃၀)နှင့်အညီ အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပြည်သူများက ပူးပေါင်းပါဝင်မှုဖြင့် လုပ်ငန်းစဉ်များ အောင်မြင်စေရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ(၂)ဦး၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က ပြည်နယ်အတွင်း ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ကယားပြည်နယ် ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးအကြံပြုတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)