ရွှေတောင် သြဂုတ် ၁၇
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) တို့ပူးပေါင်း၍ စာရေးဆရာမ အေးဖြူ၏ “ဖတ်မိသမျှတွေ မျှဝေပေးဖို့” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင်စာပေချစ်မြတ်နိုးသူများအသင်း(Book Club) ဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်ခင်ယုနိုင် (အေပရယ်ယုနိုင်)က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တက်ရောက်လာသူများအား စာပေကိုမြတ်နိုး တန်ဖိုးထားတတ်ပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် စာဖတ်သူမှသည် မျိုးဆက်သစ် စာရေးဆရာများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က ရွှေတောင် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာပေမှ ဗဟုသုတများရရှိစေရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) ဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်ခင်ယုနိုင် (အေပရယ်ယုနိုင်)က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တက်ရောက်လာသူများအား "အမျိုးသမီးစွမ်းပကား မြင့်မားရအောင်" ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ ဆရာကြီး ဦးဇော်မင်းက "ကျန်းကျန်းမာမာနဲ့ အိုကြရအောင်" ခေါင်းစဥ်ပါ အကြောင်း အရာများကိုလည်းကောင်း၊ ဆရာကြီး ဦးအုန်းမောင်က "အလိုအပ်ဆုံးကို ပေးကြပါ" စသည့် ခေါင်းစဥ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းကို မျိုးဆက်သစ် ရွက်ပုန်းသီး စာရေးဆရာများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ကိုကိုမင်း (ပြန်/ဆက်)