မြိတ် ဩဂုတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကလေးများကိုယ်ခန္ဓာကြီးထွားသန်မာခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးခြင်း၊ ရောဂါကာကွယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခံစားရစေနိုင်ရန်နှင့် စံမှီအာဟာရ ပြည့်ဝမျှတစေရန်အတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ဩဂုတ်(၁၅)ရက် နံနက်(၁ဝ)နာရီက မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိခင်များအနေဖြင့် ရင်သွေးငယ်လေးများအား အစားအစာများကို သန့်ရှင်းလတ်ဆတ်ပြီး အာဟာရသင့်တင့်မျှတစွာ ချက်ပြုတ် ကျွေးမွေးတတ်စေရန် ရည်ရွယ်ချက်ဖြင့် မြိတ်ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင်ရှောက်ရေးအသင်းနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
ရှေးဦးစွာ နို့တိုက်မိခင်များအား မိမိတို့၏ ရင်သွေးငယ်များ အာဟာရဖြည့်စွက်အစာ ကျွေးမွေးရာတွင် အင်အားဖြစ်စေသော၊ ခန္ဓာကိုယ်ကြီးထွားစေသော၊ ရောဂါကာကွယ်စေသော အာဟာရအုပ်စု(၃)စုကို မျှတစွာကျွေးမွေးတတ်စေရန်အတွက် ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဖြည့်စွက်အစာ အာဟာရများ ချက်ပြုတ်နည်းများကို အသိပညာပေးခဲ့ကြပြီး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ် စံပြ မိခင် ရွေးချယ်ခဲ့ကြသည်။
ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဘဏ္ဍာရေးမှူး ဒေါ်အေးယု က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ သွယ်သွယ်မြင့်မှ မိခင်နို့တိုက်ကျွေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထိုနောက် ဒု-ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းချိုချိုအောင် က အာဟာရရက်သတ္တပတ်များ အကြောင်းနှင့် (၂)နှစ်အောက် ကလေး အာဟာရတိုက်ကျွေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ် စံပြမိခင် ပြိုင်ပွဲတွင် ဆုရရှိကြသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာကြသည့် မိခင်များအား ဆေးစိမ်ခြင်ထောင်(၁)လုံး၊ ထမင်းကျွေးခွက်(၁)လုံး၊ ဗီတာမင်အားဆေး(၁)ဘူး၊ ကြက်ဉ(၁၀)လုံးနှင့် အိုင်အိုဒင်း ဆား(၁)ထုပ်စီ ပေးအပ်ခဲ့ကြောင်းနှင့် ကလေးများအား အာဟာရတိုက်ကျွေး ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )