မန္တလေး၊ အောက်တိုဘာလ ၁၅
ကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင် အဝေးပြေးယာဉ်လိုင်းများရပ်နားထားရသည့်အတွက် အခက်အခဲ ကြုံနေသော အဝေးပြေးခရီးသည်တင် ယာဉ်လုပ်ငန်းလုပ်ကိုင်နေသူများကို ဆန်များ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်း ကြီးကြပ်မှု ကော်မတီကသိရသည်။
"လက်ရှိအနေအထားမှာ ကားတွေမထွက်ရဘူး၊ လိုင်းတွေလည်း နားထားရတဲ့အခြေအနေ မှာကြပ်တည်းမှုတွေဖြစ်တယ်၊ ယကက အနေနဲ့ကလည်းတစ်ဖက်တစ်လမ်းကနေ ထောက်ပံ့ ကူညီတဲ့ သဘော ထောက်ပံ့ပေးတာပါ၊ ကိုဗစ်-၁၉ စဖြစ်တုန်းက ကျပ်သိန်းငါးရာ သုံးဆယ်ကျော်ထောက်ပံ့ပေး ခဲ့ပါတယ်၊ ယခု ကျပ်သိန်းငါးရာကျော်ထောက်ပံ့ပေးသွားမှာပါ၊ ယာဉ်အသင်းတွေကို တတ်နိုင်တဲ့ဘက်က အတတ်နိုင်ဆုံး ကူညီပေးသွားမှာပါ၊ မန္တလေးတိုင်းအဝေးပြေးအနေနဲ့က ယာဉ်အသင်းတွေကများတော့ ပံ့ပိုးငွေကတော့ အများကြီး၊ ဒါပေမယ့် တကယ်ရတဲ့သူဘက်က နည်းရင် နည်းသွားမယ်၊ ယာဉ်အသင်းတွေရဲ့ ငွေကြေးဖြစ်တဲ့ အတွက် သင့်တင့်လျောက်ပတ်စွာ သုံးစွဲနေရတာ ဖြစ်ပါတယ်”ဟု ယာဉ်လုပ်ငန်းကြီးကြပ်မှု ကော်မတီ(အဝေးပြေး) ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီ(အဝေးပြေး) အနေဖြင့် ယာဉ်အသင်းများ၏ နှစ်စဉ်စုဆောင်း ငွေများမှ ငွေကျပ် သိန်းငါးရာကျော်တန်ဖိုးရှိ ဆန် အိတ် ၁၉၅ဝအိတ်ကို မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်မှဝယ်ယူခဲ့သည်။
“နှစ်စဉ်ပုံမှန်ထောက်ပံ့ပေးနေတာရှိတယ်၊ ယာဉ်လောကသားတွေရဲ့ ပိုင်ဆိုင်သောငွေလို့ ပြောလို့ရတဲ နှစ်စဉ်စုဆောင်းထားတဲ့ငွေတွေရှိတယ်၊ အခုလို အခက်အခဲဖြစ်လာတဲ့အချိန် အဲဒီငွေတွေ ထဲကနေ ထုတ်နုတ်ပြီး ယာဉ်အသင်း တွေကိုပံ့ပိုးပေးသွားတာဖြစ်ပါတယ်၊ ဆန်စပါးအသင်းချုပ်က တစ်ပြည်တစ်ထောင်နဲ့ ရောင်းပေးနေတာရှိတယ်၊ အဲဒါထက် ကောင်းတဲ့ ဆန်ကိုဝယ်ပေးတာပါ၊ ယာဉ် အသင်းပေါင်း၅၅၈သင်းရှိတယ်၊ အဲဒီထဲကမှ စည်းကြပ်ခပေးသွင်းထားတဲ့အသင်းတွေကို ပြေးဆွဲတဲ့ အစီးရေပေါ်မူတည်ပြီးပေးဖို့စီစဉ် ထားပါတယ်၊ ယာဉ်အသင်းတွေကို တတ်နိုင်တဲ့ဘက်ကတော့ အတတ်နိုင်ဆုံးထောက်ပံ့ပေး သွားမှာပါ" ဟု ဆက်လက် ပြောသည်။
အဝေးပြေးယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ အုပ်ချုပ်မှုအောက်တွင်ရှိသော ယာဉ် အသင်းများမှ စည်းကြပ်ခ ပုံမှန်ပေးသွင်းထားသောအသင်းများကို စည်းကြပ်ခပေး သွင်းသော အစီးရေအလိုက် တွက်ချက်ပြီး အစီးရေ နှုန်းထားအလိုက် ပြောင်းလဲပြီး ပေးသွားမည်ဖြစ်ကြောင်း၊ ယာဉ်အသင်းပေါင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်း ကြီးကြပ်မှု ကော်မတီ(အဝေးပြေး)တွင် မြန်မာပြည်အထက်ပိုင်းနဲ့ အောက်ပိုင်းကိုပြေးဆွဲပေး နေ သည့် ယာဉ်အသင်းပေါင်း ၅၅၈သင်းရှိကြောင်းသိရသည်။
ထိပ်ထားနိုင်