သရက်ချောင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်–၂ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

သရက်ချောင်း   သြဂုတ်   ၁၀

"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်ကြစို့ ဟူသော  ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရကိုင်ဆောင်သင့်သည့်  လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့်၂ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးလွင်ဦးနှင့် ၀န်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်ချောင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးလွင်ဦးနှင့် ၀န်ထမ်းများက မြို့ပေါ်ရပ်ကွက်နေပြည်သူများ၏ ကာယကံရှင်အိမ်ထောင်စုနှင့် e-ID အိမ်ထောင်စုတိုက်ဆိုင်စစ်ဆေးခြင်း၊ မွေးတိုး၊ သေဆုံးပယ်ဖျက်ခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများဖြစ်သော အသက်(၁၀)နှစ်ပြည့်ကျောင်းသား/သူများအားအသစ်ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်လှဲလှယ်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားလုံးဝမပြုလုပ်ရသေးသည့် အသက်(၁၈)နှစ်ပြည့်သူများအား အသစ်ပြုလုပ်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးလွင်ဦးထံမှသတင်းရရှိသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)