သရက်ချောင်း ဩဂုတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဗဟိုငှက်ဖျားကာကွယ်တိုက်ဖျက်ရေးအဖွဲ့ လမ်းညွှန်ချက်အရ တိုင်းဒေသကြီးငှက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားပါက ထိရောက်စွာကာကွယ်ကုသနိုင်ရန်ရည်ရွယ်၍ ပြည်သူလူထုအခြေပြုဘက်စုံစေတနာ့ဝန်ထမ်း (ငှက်ဖျား) လုပ်သားမွမ်းမံသင်တန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ သြဂုတ်လ ၁၂ ရက်နေ့မှစ၍ ဖွင့်လှစ်လျက်ရှိသည်။
အဆိုပါသင်တန်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇာလီဝင်း၊ WHO မှ ဒေါက်တာသော်ဇင်အောင်၊ ဆေးဘက်ကျွမ်းကျင်–၃ ဦးဇော်လွင်တို့က သင်တန်းသား/သူများအား ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ TB ၊ HIV/AIDS ၊ အနာကြီးရောဂါများဆိုင်ရာ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအကြောင်းကို စာတွေ့/လက်တွေ့ဖြင့် သင်ကြားပေးလျက်ရှိပြီး အဆိုပါသင်တန်းကို ဩဂုတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့၊ နံနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအထိ၊ မြို့နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသား/သူ (၃၇)ဦးတက်ရောက် သင်ကြားလျက်ရှိကြောင်း တိုင်းဒေသကြီးငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ ဆေးဘက်ကျွမ်းကျင်–၃ ဦးဇော်လွင်ထံမှ သတင်းရရှိသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)