သရက်ချောင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု (အခြေခံအပ်ချုပ်စက်)(၂)လ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

သရက်ချောင်း   ဩဂုတ်   ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၌ ကျင်းပပြုလုပ်သော (၂၀၂၃၂၀၂၄)ခု ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဖွင့်လှစ်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (အခြေခံအပ်ချုပ်စက်)(၂)လသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက သရက်ချောင်းမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကောင်းမြတ်ထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာမနှင့် သင်တန်းသူများတက်ရောက်ကာ အဆိုပါအခမ်းအနားအားဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးက သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသောပညာများဖြင့် မိမိကျေးရွာများအတွင်း စိတ်ဝင်စားသူများအား ပညာဒါနအဖြစ်သင်ကြားပေးစေလိုကြောင်း၊ အဆိုပါသင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်ပေးသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားခြင်း၊ သင်တန်းသူများအား တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဖွင့်လှစ်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းမှ ရရှိသည့်ပညာများဖြင့် မိသားစုစားဝတ်နေရေးအတွက် အသက်မွေးဝမ်းလုပ်ငန်းများ အဖြစ် လုပ်ကိုင်စေလိုကြောင်းစသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကောင်းမြတ်ထက်က သင်တန်းဆင်းပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းတွင်ဆုရှိသည့် သင်တန်းသူ(၃)ဦးအား ဆုချီးမြှင့်ခြင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကောင်းမြတ်ထက်က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသူများကိုယ်တိုင်ချုပ်လုပ်ထားသည့် အထည်များအား သင်တန်းသူများကိုပေးအပ်ခြင်း၊ သင်တန်းသူများကိုယ်စား သင်တန်းသူ(၁)ဦးမှကျေးဇူးတင်စကားပြောကြားရာတွင် သင်တန်းဆင်းပွဲသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျေးလက်နေအမျိုးသမီးများ မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အခြေခံအပ်ချုပ်စက်သင်တန်းကိုဖွင့်လှစ်ဆောင်ရွက်ပေးသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဆုရရှိသူများအား ဆုချီးမြှင့်ပေးပါသော ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းကာလတစ်လျှောက်လုံးတွင် စေတနာအပြည့်အဝထားပြီးသင်ကြားပေးသော သင်တန်းဆရာမအား ကျေးဇူးတင်စကားပြောကြားခြင်း၊ သင်တန်းဆင်းပြီးတွင်လည်း သင်တန်းမှရရှိလာသည့်ပညာရပ်ဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများကို အကျိုးရှိရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားရင်းနှင့် ကျေးဇူးတင်နှုတ်ဆက်စကားပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသူများစုပေါင်း၍ အမှတ်တရမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ အခမ်းအနားရုပ်သိမ်းခဲ့ပြီးနောက် တာဝန်ရှိသူများက သင်တန်းတွင် သင်တန်းသူများချုပ်လုပ်ထားသည့် အဝတ်ထည်များအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)