မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီး တောင်ပြိုလမ်းပိတ်သည့်နေရာများအားဖယ်ရှား

ဘားအံ ဩဂုတ် ၁၆

ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဩဂုတ်(၇)ရက်နေ့က မြဝတီ-ကော့ကရိတ် အာရှကားလမ်းမကြီး၏ မိုင်တိုင်အမှတ်(၁၄၉ ဒဿမ(၅)နှင့် မိုင်တိုင်(၁၅၁)ကြားတွင် မြေပြို၍လမ်းပိတ်ခဲ့သည့်နေရာများအား ဖယ်ရှားရှင်းလင်းခဲ့ပြီး ယမန်နေ့ဩဂုတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် လမ်းတစ်ခြမ်းဖွင့်၍ အဆိုပါနေရာ(၂)ခုကြားတွင် ပိတ်မိနေသောကားများအား မြဝတီဘက်သို့ ပြန်လည်စေလွတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး တောနော်ရေတံခွန်အနီး မိုင်တိုင်(၁၄၉ ဒဿမ ၅) နှင့်(၁၅၀)ကြား၊ မိုင်တိုင်(၁၅၀)နှင့်(၁၅၁)ကြားကားလမ်းမတွင် မြေပြိုကျပြီး လမ်းပိတ်သွားသည့်အတွက် အဆိုပါနေရာ(၂)ခုကြားတွင် ပိတ်မိနေသော ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် အိမ်စီးယာဉ်များအား ကားလမ်းပေါ်ပြိုကျသည့်မြေသားများကို ဖယ်ရှားရှင်းလင်းခဲ့ပြီး ယနေ့နေ့လည်ပိုင်းတွင် မြဝတီဘက်သို့ လမ်းတစ်ခြမ်းဖွင့်၍ ပြန်လည်ထွက်ခွာစေခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းသည့်အတွက် အာရှလမ်းမကြီး မိုင်တိုင်အမှတ် ၁၅၅ နှင့် ၁၅၆ ကြားတွင် မြေသားအနည်းငယ်ထပ်မံပြိုကျလမ်းပိတ်ခဲ့ပြီး အမြန်ဆုံးရှင်းလင်းဖယ်ရှားနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ မိုင်တိုင်(၁၄၉)နှင့်(၁၄၉ ဒဿမ ၅)ကြားတွင် ကားလမ်းအောက်ခံမြေသားအကျယ် ၃၃ ပေရှိ ကတ္တရာခင်းကားလမ်းအရှည်ပေ ၁၅၀ ခန့်ပဲ့ကျသည့်နေရာကိုလည်း ဩဂုတ်လ ၁၀ ရက်နေ့မှစ၍ ယာယီဘေလီတံတားထိုးနိုင်ရေး လမ်းပြင်ဆင်မှုနှင့်ပတ်သက်သည့်ပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိပြီး ယာဉ်ယန္တရားများဖြင့် လမ်းပြင်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရာသီဥတုအခြေအနေကောင်းပါကလုပ်အားအပြည့်ဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ပါက သတ်မှတ်ရက်ထက်ပိုမိုစောလျင်စွာ ပြီးစီးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါလမ်း ပြင်ဆင်ပြီးမှသာ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား ပြန်လည်ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း၊ ယခုကာလအတွင်း၌ လူစီးယာဉ်များနှင့် ပစ္စည်းသယ်ယာဉ်ငယ်များအား ယခင်အသုံးပြုခဲ့သည့် မြဝတီ-ကော့ကရိတ်လမ်းဟောင်းဖြစ်သော ထို့ကော်ကိုးလမ်းပိုင်းမှ နေ့စဉ်သွားလာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း ကရင်ပြည်နယ်လမ်းဦးစီးဌာနမှ သိရသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးသည် မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်စည်စီးဆင်းရာတွင် အဓိကကျသော စီးပွားရေးလမ်းကြောင်းတစ်ခုဖြစ်ပြီး မဟာမဲခေါင်ဒေသအရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းပိုင်းတွင်ပါဝင်ကာ မြန်မာနိုင်ငံမှ ပြောင်း၊ ရာဘာအစရှိသော ဒေသထုတ်ကုန်များ တင်ပို့ရောင်းချရာတွင် အသုံးပြုသောလမ်းဖြစ်သည့်အပြင် မြဝတီမြို့မှ ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် အိမ်စီးယာဉ်များ နေ့စဉ်ဖြတ်သန်းသွားလာနေသော လမ်းကြောင်းတစ်ခုဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)