ပခုက္ကူ ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်အတွင်းတင်ပို့ရောင်းချသည့် နွေကြက်သွန်နီများပြန်လည်မြင့်တက်လာပြီး တစ်ပိဿာလျှင် ငွေကျပ်၂၀၀၀အထက်ရောက်ရှိလာကြောင်း ကြက်သွန်စိုက်တောင်သူများထံက သိရသည်။
မြန်မာ့ထွက်ကုန်ဖြစ်သည့် ကြက်သွန်နီများကို ပခုက္ကူ၊ဆိပ်ဖြူ၊ယောချောင်းဒေသနှင့်ပုလဲမြို့နယ်များမှ တောင်သူတွေထံက အများဆုံးဝင်ရောက်လာကြောင်း၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလနှင့်ဇွန်လ(ဒုတိယပတ်)အထိ ကြက်သွန်နီဈေးနှုန်းအများဆုံး ၂၀၀၀အောက်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇွန်လတတိယပတ်မှစတင်ကာ ဈေးနှုန်းပြန်လည်မြှင့်တက်လာခြင်းဖြစ်ကြောင်း၊ ပခုက္ကူကြက်သွန်နီဈေးကွက်သို့ နေ့စဉ်ပိဿာချိန်ပေါင်း ၄၀၀၀၀ ခန့်ဝန်းကျင်နေ့စဉ်ဝင်ရောက်လျက်ရှိပြီး ယမန်နေ့တွင် ဂျွန်သေးတစ်ပိဿာကို ကျပ် ၁၈၀၀-၁၉၀၀၊ ဂျွန်လတ်တစ်ပိဿာကို ကျပ် ၂၀၀၀-၂၁၀၀နှင့် ဂျွန်ကြီးတစ်ပိဿာကို ကျပ် ၂၃၅၀-၂၄၂၅စီ ဖြင့် ရောင်းဝယ်ခဲ့ကြောင်း ပခုက္ကူခရိုင်ကုန်စိမ်းလိုင်းခွဲကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းထံက သိရသည်။
“ကြက်သွန်ဈေးက အရင်လတွေမှာ ကျပ် ၂၀၀၀ ဝန်းကျင်ရောက်လိုက် နောက်လတွေမှာ ၁၈၀၀ ဝန်းကျင်ပြန်ဆင်း လိုက်နဲ့ ဈေးကွက်တည်ငြိမ်မှုမရှိခဲ့ဘူး။ ပြည်တွင်းဝယ်ယူစားသုံးမှုနှင့် ပြည်ပနိုင်ငံတွေထံ တင်ပို့ရောင်းချနိုင်မှုအခြေအနေတို့ပေါ်မူတည်ပြီး ဈေးကွက်အပြောင်းအလဲဖြစ်နေတာကြောင့် နောက်ရက်မှာလည်း တက်မယ်မတက်ဘူးဆိုတာ သေချာပြောလို့မရဘူး၊ သူ့ဈေးတန်းနဲ့သူတော့ အရောင်းအဝယ်ဖြစ်နေတာကြောင့် လက်ရှိဈေးနှုန်းတွေအရ တောင်သူတွေအကျိုးအမြတ်ရရှိပါ တယ်” လို့ ကြက်သွန်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောပြသည်။
မြန်မာ့ထွက်ကုန်ကြက်သွန်မှာ ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပနိုင်ငံများကိုလည်း တင်ပို့ရောင်းချနေရကြောင်း၊ ကြက်သွန်ကိုမန္တလေး၊ စစ်ကိုင်းနှင့်မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးလုပ်ကိုင်ကြပြီး အညာဒေသကျေးရွာများရှိ သဲချောင်းနေရာများနှင့် မြစ်ကမ်းနံဘေးနေရာတို့တွင် ရေသွင်းစနစ်ဖြင့် အဓိကစိုက်ပျိုးကြကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ကြက်သွန်ရောင်းဝယ်ရေး ရာသီအစောပိုင်းကာလများတွင် ဈေးနှုန်းကျခဲ့ပြီး ဩဂုတ်လမှစတင်၍ ဈေးနှုန်းမြင့်တက်ခဲ့ရာ တစ်ပိဿာကျပ် ၃၀၀၀ ကျော်အထိ ရောက်ရှိခဲ့ဖူးကြောင်း ပခုက္ကူခရိုင်ကုန်သည်ပွဲစားများ အသင်းထံက သိရသည်။
ဘာမီသာ (ပခုက္ကူ)