ဂန့်ဂေါ ဩဂုတ် ၁၆
ကျောင်းသား/ကျောင်းသူများ ကျန်းမာရေး အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာရေး ဟောပြောခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်က ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၊ ပုံညာခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးရာထွန်းက ကျောင်းကျန်းမာရေးသီတင်းပတ် ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ကျောင်းသားကျောင်းသူများကို ရှင်းလင်းပြောကြားပြီး၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးနေမျိုးသူရက ခန္ဓာကိုယ်အတွက် လိုအပ်သည့် အာဟာရရှိစေမည့် အစားအစာများနှင့် စားသုံးရန်မသင့်သည့် အစားအစာများ၊ ရောဂါကင်းဝေး ကျန်းမာရေးအတွက် သန့်လေးသန့်ကို ဦးစားပေး ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားပြီး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးက အစားအသောက်နှင့် ပတ်သက်၍ ကုန်စည်နှင့် ဝန်ဆောင်မှု အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရေး၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူ၏ တာဝန်များ၊ စားသုံးသူအခွင့်အရေးများ အကြောင်းအရာတို့ကို အသီးသီး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြ သည်။
အဆိုပါ အခမ်းအနားသို့ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးနေမျိုးသူရ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦး၊ အခြေခံပညာ အထက်တန်းကျောင်း(ကျောတိုက်)မှ ကျောင်းအုပ်ဆရာကြီး ဦးရာထွန်းနှင့် ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူ များ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)