ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုဟောပြောပွဲ အခမ်းအနား ကျင်းပ

ဆင်ပေါင်ဝဲ ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု ဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နီဟွေဆုန်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီက ကိုယ်ဝန်ဆောင်မိခင်လောင်းများအနေဖြင့် ကိုယ်ဝန်ဆောင်ချိန်မှစ၍ အာဟာရရှိသော အစားအစာများကို ရွေးချယ်စားသုံးသင့်ကြောင်း စသည့် အကြောင်းအရာများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကိုယ်ဝန်ဆောင်နှင့် နို့တိုက် မိခင်များအား လက်ဆောင်ပစ္စည်းနှင့် ဆေးဝါးများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)