နတ်မောက်မြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် စံပြမိခင် ပြိုင်ပွဲကျင်းပ

နတ်မောက်    ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်စံပြမိခင်ပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်မိခင်နှင့် ကလေးအသင်းစောင့်ရှောက်ရေးဥက္ကဋ္ဌ ဒေါ်လတ်လတ်ဆွေက ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အိုင်အိုဒင်းဓာတ် အရေးပါပုံနှင့် စားသုံးသင့်သည့် အစားအစာများ၏  အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က စံပြမိခင်ပြိုင်ပွဲကျင်းပခဲ့ရာ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်(၂၁)ဦးတို့အား အာဟာရအုပ်စု (၃)အုပ်စု အကြောင်းအရာများနှင့် ကိုယ်ဝန်စောင့်ရှောက်မှုဆိုင်ရာ အကြောင်းအရာများကို တစ်ဦးချင်းအလိုက် မေးမြန်းခဲ့ကြသည်။ အဆိုပါ စံပြမိခင်ပြိုင်ပွဲတွင် ဆုရရှိသည့် ကိုယ်ဝန်ဆောင် မိခင်များနှင့် နို့တိုက်မိခင်များအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဆရာမများက ဆုများကို အသီးသီး ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

လှဝင်း