သဲကုန်း သြဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ အ.မ.က တည်သီးပင်ကျောင်းတွင် ယမန်နေ့နေ့လယ်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးဝင်းဇော်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ကျောင်းသား/ကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှု တားဆီးရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထင်ဇော်ထွန်းက စားသုံးသူနှင့် ပတ်သက်သော ကုန်စည်အမှတ်အသား (၈)ချက်အကြောင်း ဟောပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူလေးများကို စာကြည့်တိုက်ဝန်ဆောင်မှု ရုပ်ပုံ စာအုပ်ဖြင့်ပုံပြောခြင်း၊စက္ကူပြဇာတ်ပြသခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ပြသခြင်း ကျောင်းသား၊ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဝင့်နန္ဒာဌေး(ပြန်/ဆက်)