တိုင်းဒေသကြီး ဝန်ကြီးချုပ် (၂၀၂၃) ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားအား တက်ရောက်

ပုသိမ် ဩဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး (၂၀၂၃) ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားအား ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ကိုယ်ဝန်ဆောင်များနှင့် ရင်သွေးမိခင်များတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကမ္ဘာပေါ်တွင်ရှိသည့် လူသားအားလုံးသည် မွေးဖွားလာစဉ်ကတည်းက အသက်ဆက်လက်ရှင်သန်ရေး၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးရေး၊ ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ်လှုပ်ရှားမှုတို့အတွက် အစာအာဟာရကို မှီဝဲစားသုံးကြရတာ ဖြစ်ပါကြောင်း၊ အာဟာရပြည့်ဝခြင်းသည် လူတစ်ဦးတစ်ယောက်၊ မိသားစုတစ်စုကစ၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် အခန်းကဏ္ဍတွင် တည်ရှိနေပါကြောင်း၊  ပြည်သူလူထုအနေဖြင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမို စိတ်ဝင်စားလာကာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရည်ရွယ်ပြီး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များကို သြဂုတ်လတစ်လလုံး ဗဟိုအဆင့်၊တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်မှာ နှစ်စဉ် ကျင်းပပြုလုပ်လျက်ဖြစ်ပါကြောင်း၊ ယခုလို အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ သတ်မှတ်ပြီးဆောင်ရွက်ခြင်းကြောင့် ပြည်သူလူထုကိုယ်တိုင် စိတ်ဝင် တစား ပါဝင်ဆောင်ရွက်လာကာ အာဟာရပြည့်ဝ ကျန်းမာစေသည့်အသိပညာ၊ အမူ အကျင့်များ ပိုမိုကောင်းမွန် မှန်ကန်လာစေပြီး၊ ကလေးငယ်များနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အာဟာရအခြေအနေလည်း ပိုမိုကောင်းမွန် မြင့်မားလာစေမှာဖြစ်ပါကြောင်း၊ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ရက်သတ္တပတ်များအဖြစ် ဩဂုတ်လ၏ ပထမရက်သတ္တပတ်ကို မိခင်နို့စနစ်တကျ တိုက်ကျွေးရေးရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထ ရက်သတ္တပတ်ကို အိုင်အိုဒင်း ချို့တဲ့မှုပပျောက်ရေး ရက်သတ္တပတ်များအနေဖြင့် သတ်မှတ် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ကမ္ဘာ့မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်အတွက် နှစ်စဉ်နှစ်တိုင်း ဦးတည်ဆောင်ရွက်မည့် လုပ်ငန်းဆောင်ပုဒ်တစ်ခုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရွေးချယ်ပေးပြီး ကျင်းပလေ့ရှိရာမှာ ယခုနှစ်အတွက် လုပ်ငန်း ဆောင်ပုဒ်ကတော့ “လုပ်ငန်းခွင်ဝင် မိခင်တို့ နို့ချိုတိုက်ကျွေးနိုင်စေဖို့ ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်စို့” ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်မှ မိခင်များအတွက် မိခင်နို့တိုက်ကျွေးနိုင်မည့် ပတ်ဝန်းကျင်ကောင်းတွေလိုအပ်နေပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွက် အဓိက ဆောင်ရွက်ရန်လိုအပ်သည့် အာဟာရ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ပြည်သူလူထု အသိပညာ တိုးတက်စေရန် ရည်ရွယ်ကာ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်းအမှတ် အခမ်းအနားများကို ယခုလိုကျင်းပရခြင်း ဖြစ်ပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်(၉) ရပ်ထဲက လူမှုရေးဦးတည်ချက် တစ်ခုဖြစ်သည့် သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ကျန်းမာရေး ကဏ္ဍမြှင့်တင်ရေးမှာ အခြေခံကျပြီး အရေးပါသည့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ ပိုမိုခိုင်မာအောင် ပူးပေါင်း ဆောင်ရွက်ပေးကြဖို့ အလေးအနက် တိုက်တွန်းလိုပါကြောင်း ”အဖွင့်အမှာစကား ပြောကြားပြီး‌နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှု Videoအား ကြည့်ရှုအားပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က စံပြမိခင်ဆု ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိသူများအား လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက စံပြမိခင်အထူးဆုနှင့် နှစ်သိမ့်ဆုရရှိသူများလည်းကောင်း ဆုများ အသီးသီး ချီးမြှင့်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၅)နှစ်အောက် ကလေးများအား ဗီတာမင်အေတိုက်ကျွေးခြင်းနှင့် သန်ချဆေးများတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား အဏုအာဟာရဆေးဝါးများ တိုက်ကျွေးခဲ့ပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကာ  (၂၀၂၃)ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အထိမ်းအမှတ် ပြခန်းအားလှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသည့် ၂၀၂၃ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ်  အာဟာရ အချက်အပြုတ်ပြိုင်ပွဲ အခမ်းအနားကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး၊ အစိုးရအဖွဲ့ဝန်ကြီးများ၏ဇနီးများ၊ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်များ၊ မိခင်များရောက်ခဲ့ကြသည်။ ဦးစွာ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဒုတိယ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ၂၀၂၃ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးနှင့် တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်များနှင့် ရင်သွေး မိခင်များအတွက် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ခရိုင်(၈) ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ များ၏ တန်ဖိုးနည်းအာဟာရ အချက်အပြုတ်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ခရိုင်(၈) ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များ၏ တန်ဖိုးနည်းအာဟာရ အချက်အပြုတ် ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးနှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် ခရိုင်များနှင့် အမှတ်ပေးဒိုင်များ အား  ဆုနှင့်လက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)