သာပေါင်း ဩဂုတ် ၁၅
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငါးစားသုံးမှု မြင့်မားလာပြီး ငါးသယံဇာတ တိုးပွားလာစေရေး၊ ငါးထုတ်လုပ်မှု ပိုမိုတိုးတတ်မြင့်မားလာစေပြီး ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရေး ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ထန်းကြို့ကုန်းကျေးရွာအုပ်စု၊ အင်းကလေး သပြုပင်အင်းနှင့် ကျိုက်ပိအဝချုပ်ဆည်အင်းဆုံရာ ကြေးတိုင်အင်းချောင်းရေပြင်ကျယ်အတွင်းသို့ ငါးမျိုးများစိုက်ထည့် ပေးခဲ့ကြသည်။
အခမ်းအနားတွင် ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူးဦးအေးနိုင်နှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးသိမ်းတို့မှ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကြေးတိုင်လုပ်ကိုင်ခွင့်ရ အင်းသားကြီးများနှင့် ဒေသနေပြည်သူတို့ကို ငါးသားပေါက်များ ပေးအပ်ခဲ့ကြပြီးနောက် အင်းကလေးသပြုပင်အင်းနှင့် ကျိက်ပိအဝချုပ်ဆည်အင်းဆုံရာ ရေပြင်ကျယ်အတွင်းသို့ (၄)လက်မအရွယ် ငါးမြစ်ချင်း (၇၄၁၂၂)ကောင်အား ကြေးတိုင်အင်းများအတွင်းသို့ စုပေါင်းငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)