ညောင်လေးပင် ဩဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၉) နာရီအချိန်က ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ထွန်းမှနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောကလျာမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအကြောင်း၊ ကျောင်းကျန်းမာရေးအတွက် အာဟာရဖွံ့ဖြိုးမှုလှုပ်ရှားမှုများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာကျော်ထင်လှိုင်မှ သွားနှင့်ခံတွင်းအတွင်းဖြစ်ပွားတတ်သော ရောဂါများအကြောင်းအား အသိပညာပေးပြောကြားခဲ့သည်။
ယင်းနောက် ကျောင်းသားကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်း၊ သံဓာတ်အားဆေးပြားတိုက်ကျွေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းမုန့်စျေးတန်း သန့်ရှင်းမှုရှိ၊မရှိအား လိုက်လံစစ်ဆေးခဲ့သည်။
အဆိုပါ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောကလျာနှင့်ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်နန်းဆိုင်မိုနွမ်နှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)