ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များမှ မိုးနေကြာစိုက်ခင်းတွင် ပျားပုံးထားရှိမှုအား ကြည့်ရှုခြင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

ကြံခင်း ဩဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ကြံခင်းမြို့သို့ ဩဂုတ်လ (၁၃)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ရောက်ရှိလာရာ မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋနှင့် အဖွဲ့ဝင်များက ကြိုဆိုကြပြီး ကြံခင်းမြို့နယ် ဆုံလဲအုပ်စု ဆိပ်သာကျေးရွာရှိ ဦးတင်ဝင်း၏ ဦးပိုင်အမှတ်၊ (မ/၃၀၅ )၊ ကွင်းအမှတ် (၂၃)သပြေလှကွင်း၊  စိုက်ဧက(၃)ဧကတွင် မိုးနေကြာစိုက်ပျိုးထားခြင်းနှင့် ပျားပုံး(၃၀)ထားရှိခြင်းအား သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ  ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် စိုက်ပျိုးရေးကဏ္ဍသည်အရေးကြီးပါကြောင်း၊ မိမိတို့တိုင်းသည် စိုက်ပျိုးရေးကို အခြေခံသည့် ဒေသဖြစ်ကြောင်း၊ ဒေသတွင်းစားသုံးဆီဖူလုံစေရေး၊ မိုးနေကြာဖြစ်ထွန်းအောင်မြင်ရေး တွန်းအားပေး စိုက်ပျိုးဆောင်ရွက်ရန် ပြောကြားပြီးနောက်၊  မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားမှုများကို တင်ပြဆွေးနွေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးစိန်မောင်မြင့်က မိုးနေကြာအောင်မြင်စွာ စိုက်ပျိုးရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီးနောက်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ ရပ်ကွက်/ကျေးရွာ(၃၅)အုပ်စုမှ စိုက်ပျိုးတောင်သူများအား ယူရီးယားဓာတ်မြေဩဇာ၊ နေကြာမျိုးစေ့နှင့် ရိုဘက်စတာကော်ဖီပင်များအား ထောက်ပံ့ပေးအပ်ကာ  အခမ်းအနားပြီးမြောက်သည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ နေ့လယ် (၂)နာရီအချိန်တွင် မြန်အောင်မြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)