ပြည်မြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုအခမ်းအနားကျင်းပ

ပြည် ဩဂုတ် ၁၅

ပြည်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးပြီးမိခင်နှင့် မွေးကင်းစမှ အသက် (၅) နှစ်အထိ ကလေးများအား ကျန်းမာသန်စွမ်းစေရေးနှင့် အာဟာရဖွံ့ဖြိုးရေးအတွက်  "အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု" အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးသန့်နှင့်အဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးပြီးမိခင်နှင့်ကလေးများ၊ ကျန်းမာရေးဝန်ထမ်းများတက်ရောက်ပြီး ရှေးဦးစွာ ပြည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာကေခိုင်ဝင်းက "ကိုယ်ဝန်‌ဆောင်ချိန်မှမီးဖွားချိန်၊ မီးတွင်းကာလအတွင်း ဆောင်ရန်/ရှောင်ရန်များအကြောင်းနှင့် မွေးကင်းစမှအသက်၂နှစ်အထိ ကလေးများအား ကာကွယ်ဆေးထိုးနှံရန်လိုအပ်ကြောင်းနှင့် ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးမှုအကြောင်းများအပါအဝင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားဆောင်ရွက်မှုအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သက်ဆိုင်ရာကဏ္ဍအလိုက်ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးပြီးမိခင်များနှင့် ကလေးငယ်များအား အာဟာရပြည့်ဝမျှတစေရန် စနစ်တကျ စားသောက်ရမည့် အစားအစာများအကြောင်းနှင့် ကလေးငယ်များ ကျန်မာသန်ထွား ဉာဏ်ရည်မြင့်မားစေရေးအတွက် အိုင်အိုဒင်းဆား နေ့စဥ်စားသုံးရေးအကြောင်းများ အပါအဝင် မိခင်နှင့်ကလေးများ ကျန်းမာရေးနှင့်အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို အသိပညာပေးဆွေးနွေးပြောကြားပြီး မွေးပြီးမိခင် များအား ဗီတာမင်အေ (နှစ်သိန်းအား) တိုက်ကျွေးခြင်း၊အသက် (၆) လမှ (၁၁) လအထိကလေးများကို ဗီတာမင်အေ (တစ်သိန်းအား) တိုက်ကျွေးခြင်း၊ အသက် (၁) နှစ်မှ (၅) နှစ်အထိကလေးငယ်များအား ဗီတာမင်အေ (နှစ်သိန်းအား) တိုက်ကျွေးခြင်း၊ အသက် (၂) နှစ်မှ (၅) နှစ်အထိကလေးငယ်များအား Albendazole 400mg တစ်လုံးစီတိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးသန့်နှင့် အဖွဲ့ဝင်များ၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးဒေါက်တာကေခိုင်ဝင်းနှင့် ကျန်းမာ ရေးဝန်ထမ်းများက အသက်၅နှစ်အောက် ကလေးငယ် ၁၆ဦးအတွက် အားဆေးရည်ဘူးများ တစ်ဘူးစီ‌ ပေးအပ်ခြင်းအပါအဝင် ကိုယ်ဝန် ဆောင်မိခင်များနှင့် မွေးပြီးမိခင်များ စုစုပေါင်း (၃၁) ဦးတို့အတွက်  ဗီတာမင် B1အားဆေးနှင့် ကိုယ်ဝန်ဆောင်အားဆေး တစ်ဘူးစီ၊ အိုင်အိုဒင်းဆား၊ ခေါက်ဆွဲများနှင့် ကြက်ဥများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)