ပေါင်းတည်၌ မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ်နှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ

ပေါင်းတည် သြဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် မြို့နယ်အဆင့် ကျန်းမာရေး အဆင့်မြှင့်ကျောင်း ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း ( မြို့မ)တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင် ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦး မြို့နယ်ပညာရေးမှူး ဒေါ်နော်ဆဲပွယ်ဖော၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာ အသင်းအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာကြီး၊ဆရာမကြီးများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်သား၊ကျောင်းသူများ၏ ကျန်းမာရေး အသိပညာ ဖွံ့ဖြိုးလာမှုကို အထူးအားရ ကျေနပ်မိကြောင်း၊ အလားတူ ကျောင်းအသီးသီး၌လည်း ကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ပိုမိုဆောင်ရွက်စေချင်ကြောင်း ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးက ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အကြောင်းကို အကျယ်တဝံ့ ပြောကြားသည်။ ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်က ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ကျန်းမာရေး အသိပညာများကို ဟောပြောသည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးမှူးများက ကျောင်းကျန်းမာရေးအဆင့်မြှင့်ကျောင်းများနှင့် စပ်လျဉ်း၍ အသီးသီး အသိပညာပေး ဆွေးနွေးကြသည်။

ယင်းနောက် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး ဝန်ထမ်းများက ဉာဏ်စမ်းမေးခွန်းများ မေးမြန်းကြကာ ပြည့်စုံမှန်ကန်စွာ ဖြေဆိုနိုင်သူများအား ဆုလက်ဆောင်များ ပေးအပ်ကြ​ကြောင်းနှင့် ကျောင်းကျန်းမာရေး အဆင့်မြှင့် ကျောင်းရွေးချယ်ရာတွင် ဆုရရှိသည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းများအား တာဝန်ရှိသူများက အသီးသီး ဆုချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ခန်းမအတွင်း ပြသထားသော အထွေထွေ ကျန်းမာရေးပြခန်းများသို့ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သူရကြီး ( ပြန်/ဆက်)