ကျိုက်လတ် သြဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို ယမန်နေ့နံနက် (၁၁)နာရီက အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က လူကုန်ကူးမှုအကြောင်းသိကောင်းစရာများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးတင်စိန်က စားသောက်ကုန်များနှင့်ပတ်သက်၍ ဆိုးဆေးများ၊ တာရှည်ခံဆေးများ၏ ဆိုးကျိုးများ၊ သက်တမ်းလွန် စားသောက်ကုန်များ၏ အန္တရာယ်များအကြောင်းတို့ကို ဟောပြောခဲ့ကြသည်။
ထို့နောက်"လူကုန်ကူးမှု အကြောင်းသိကောင်းစရာ" အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ "အသိပညာပေးဟောပြောပွဲ"သို့ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီနိုင်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၁၁၇)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်