ဂန့်ဂေါ ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားပြီး ထူးချွန်ထက်မြက်သည့် လူကောင်းလူတော်များပေါ်ထွန်းစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က စည်ပင်သာယာရပ်ကွက်၊ အ.လ.က(ခွဲ)ကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများ ပညာဉာဏ်ထက်မြက်ပြီး ယဉ်ကျေးလိမ္မာသော လူတော်လူကောင်းများ ဖြစ်စေရန်အတွက် ကျောင်းပညာကို ကြိုးစားသင်ယူကြရန်၊ ဆရာ/ဆရာမများ၏ ဆိုဆုံးမစကားများကို လေးစားလိုက်နာ၍ ကျောင်းချိန်ကို မှန်ကန်စွာတက်ရောက်ကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ အမှတ်(၁၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ရဲအုပ် အောင်ဇော်မင်းက ယာဉ်အန္တရာယ်ကင်းရှင်းရေး သတိပြုရမည့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာများနှင့် ဥပဒေအကြောင်းအရာများကို ဆွေးနွေးခြင်း၊ ဂန့်ဂေါမြို့နယ် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး လှဇော်ဝင်းက လူကုန်းကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအချက်အလက်များ၊ ကြိုတင်ကာကွယ်ရမည့် အချက်များနှင့် လက်တွေ့နယ်ပယ်တွင် ဖြစ်စဉ်များအားသာဓကပြု၍ စုံစမ်းဖော်ထုတ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်နေမှုများ၊ ဂန့်ဂေါခရိုင် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မူးယစ်ဆေးဝါးဆိုတဲ့ အဓိပ္ပာယ်နှင့် မူးယစ်ဆေးဝါး အဓိကအုပ်စုကြီး(၃)မျိုးကို ဆွေးနွေးဟောပြောခြင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်စိုးမြင့်ခိုင်က ကျောင်းသား/ကျောင်းသူလူငယ်များ ခိုက်ရန်ဖြစ်ပွားပါက ဖြစ်စဉ်အပေါ်မူတည်ပြီး အရေးယူခံရမည့် ဥပဒေပုဒ်မနှင့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် ခရိုင်ပြန်/ဆက်ဝန်ထမ်းများက မူးယစ်ဆေးဝါးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံဓာတ်ပုံပြပွဲကို ဆောင်ရွက်ပေးခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်း၊ ဂန့်ဂေါခရိုင်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)