မြိတ် ဩဂုတ် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် အသိပညာဗဟုသုတကြွယ်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် နည်းပညာတက္ကသိုလ် (မြိတ်) တွင် လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၉)နာရီခွဲက ကျင်းပခဲ့သည်။
ကျောင်းသား/ကျောင်းသူ လူငယ်များသည် ပြင်ပစာပေဗဟုသုတများကို လေ့လာဖတ်ရှုရန်နှင့် ကျောင်းသား/ကျောင်းသူ လူငယ်အချင်းချင်း ချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များကို ရရှိစေရန်နှင့် စဉ်းစားဉာဏ်နှင့်အတွေးအခေါ်များကို ရရှိစေရန် ရည်ရွယ်ချက်ဖြင့် လူငယ်စကားဝိုင်းကို မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နည်းပညာတက္ကသိုလ် (မြိတ်) တို့ပူးပေါင်း၍ ကျင်းပခြင်းဖြစ်သည်။
လူငယ်စကားဝိုင်းကို နည်းပညာတက္ကသိုလ် (မြိတ်) ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်စိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို Moderator အဖြစ် မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ချိုချိုစန်းနှင့် ကျောင်းသား/ကျောင်းသူ (၆) ဦးမှ ဦးဆောင်၍ ဆွေးနွေးခဲ့ကြသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ပညာရေး စသည့် ခေါင်းစဉ်များဖြင့် ဦးဆောင်သူများက အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးခဲ့ကြသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြသည်။
ဆက်လက်၍ ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အမှတ်တရလက်ဆောင် ပေးအပ်သည်။ လူငယ်စကားဝိုင်းတွင် စာအုပ်ပြပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ် ပညာပေး နံရံကပ်စာစောင်များကို မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသပေးခဲ့ရာတက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)