၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော် ဩဂုတ် ၁၅

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဒေသကွပ်ကဲရေးမှူး   ဌာနဆိုင်ရာများ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံအတွက် အရေးပါသည့် ကျောင်းသားလူငယ်များအား စွမ်းရည်ပြည့်စုံသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် ကျန်းမာရေးအဆင့်မြှင့် ကျောင်းများကို ကျေးလက်ဒေသပါမကျန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် ပညာသင်ယူမှု ပတ်ဝန်းကျင်ကောင်းများကို ဘက်စုံကဏ္ဍစုံမှ ဖြည့်ဆည်းကူညီ ပံ့ပိုးပေးလျက်ရှိကြောင်း ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များကို ကျောင်းသားမိဘများ ပညာရေး ကျန်းမာရေး ဝန်ထမ်းများနှင့် ဆက်စပ်ဌာန အဖွဲ့အစည်းများက ကဏ္ဍပေါင်းစုံ ပူးပေါင်းပြီး စုပေါင်းအားများဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် Video Clip အားပြသခဲ့ပြီး အမှတ်()အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကျောင်းကျန်းမာရေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းကျန်းမာရေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပညာရေး၊  ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားခဲ့ပြီး အခြေခံပညာဦးစီးဌာနနှင့် ကျန်းမာရေး ဦးစီးဌာနတို့မှ ခင်းကျင်းပြသထားသော ကျောင်းကျန်းမာရေး အသိပညာပေးဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကာ ကျောင်းသား၊ ကျောင်းသူများအား သန်ချဆေး တိုက်ကျွေးခြင်းနှင့် အာဟာရဖြည့်စွက်စာ နို့ ကြက်ဥ ငှက်ပျောသီးများ ပေးဝေခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)