ကျောက်ကြီး သြဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပဲခူးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဗန္ဓုလဆောင်ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး "လူငယ်စကားဝိုင်း" ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ကျောက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မင်းဦး တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က(ခွဲ) ပဲခူးရပ်ကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ချိုချိုမြင့်က "လူငယ်စကားဝိုင်း" ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံစေရန် အချင်းချင်းရင်းနှီးချစ်ခင်မှုတိုးပွားလာစေရန်၊ စဥ်စားတွေးခေါ်မှုမြင့်မားလာစေရန်၊ လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်နှင့် ကိုယ့်ကျင့်တရား ကောင်းမွန်သည့် လူတော်လူကောင်းလေးများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး "လူငယ်စကားဝိုင်း" ကျင်းပ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ပြီး၊ Grade - 10 မှ ကျောင်းသား မောင်အောင်ဟိန်းမင်းက လူငယ်နှင့် အားကစား ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade - 12 မှ ကျောင်းသူ မခိုင်ဇာဝေက လူငယ်နှင့် ပညာရေး ခေါင်းစဥ်ဖြင့်လည်ကောင်း၊ Grade - 12 မှ ကျောင်းသူ မအေးယုလွင်က လူငယ်နှင့် ကျန်းမာရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade – 11 မှ ကျောင်းသား မောင်ဝေဖြိုးအောင်က လူငယ်နှင့် စာပေ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade - 11 မှ ကျောင်းသူ မနွေးနွေးမွန်က လူငယ်နှင့် မူးယစ်ဆေး ခေါင်းစဥ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အ.ထ.က(ခွဲ) ပဲခူးရပ်ကျောင်း ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း အင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက သုံးဘီးမော်တော်ယာဥ်ဖြင့် အသိပညာပေး စာအုပ်စာစောင်များပြသခဲ့ရာ တက်ရောက်လာကြသော ကျောင်းသား /ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)