ဘုတ်ပြင်းမြို့၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနား ကျင်းပ

ဘုတ်ပြင်း ဩဂုတ် ၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ဩဂုတ်လ ၁၃ ရက်နေ့က အထက-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည်များနှင့် ကျောင်းသားမိဘအုပ်ထိန်းသူများ၊ ဆရာ ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းက နှစ်စဉ်စာသင်နှစ် တစ်နှစ်၏ ဩဂုတ်လ ဒုတိယပတ်ကို ကျောင်းကျန်းမာရေးနေ့ သီတင်းပတ် လှုပ်ရှားမှုအဖြစ် ကျင်းပပြုလျက်ရှိပါကြောင်း၊ “ကျန်းမာပျော်ရွှင်ပညာသင်ဖို့ ပတ်ဝန်းကျင်းကောင်းဖန်တီးစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသားလူငယ်များသည် နောင်အနာဂတ်တွင် နိုင်ငံတော်အတွက် အရေးပါသော အင်အားတစ်ရပ်ဖြစ်သောကြောင့်  ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး စွမ်းရည်ထက်မြက်သော နိုင်ငံသားကောင်းရတနာများ ဖြစ်လာစေရန် စသည့်များကို ပြောကြားသည်။ ယင်းနောက် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းထွန်းကျော်က ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှား ဆောင်ရွက်မှုလုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးနိုင်ဝင်းက မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အကြောင်းအရာများကို လည်းကောင်း၊ မြို့နယ်တရားသူကြီး ဦးအောင်သိုက်က ကလေးသူငယ်အခွင့်အလမ်းများဆိုင်ရာများကို အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် တက်ရောက်လာကြသူများက ကျောင်းကျန်းမားရေးလှုပ်ရှားမှုအဖြစ် KG ကျောင်းသား ကျောင်းသူများအား အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခြင်း၊ ဘီတာမင် A ဆေးတိုက်ကျွေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)