ဒေးဒရဲ သြဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်ရန်နှင့်အသိပညာ ဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက မှော်အိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က လူငယ်များဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာအုပ်စာပေလေ့လာခြင်းအားဖြင့် အသိဥာဏ်ပညာဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့်မိမိလူမျိုးကို အကျိုးပြုနိုင်မည့် လူငယ်များဖြစ်ပေါ်လာစေရေး လူငယ်ရေးရာဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့်လည်းကောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးသိန်းမောင် ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြမထားသော အစားအသောက်များ ဝယ်ယူမစားသုံးရေးနှင့် စားသုံးသူနစ်နာမှုမရှိစေရေး ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများအားလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက တာဝန်ခံဦးကျော်လွင်ထွန်းက လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း