မိုးညို ဩဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးက အဟာရနှင့်ကျန်းမာရေးအကြောင်း အသိပညာပေး ဟောပြောသည်။ ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခက်ခက်အောင်က အဟာရအုပ်စု(၃) အုပ်စုအကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မိခင်နှင့်ကလေးစောက်ရှောက်ရေးအသင်းမှ အစာအုပ်စု (၃) အုပ်စု ပါဝင်အောင်ချက်ပြုတ်ပြသခြင်း၊ ကျန်းမာရေးဝန်ထမ်းများက မိခင်နို့စနစ်တကျ တိုက်ကျွေးနည်း သင်ကြားပြသခြင်း၊ ကိုယ်ဝန်ဆောင်သံဓာတ်အားဆေးနှင့် ဘီဝမ်းဆေးပြားပေးဝေခြင်း၊ ဘီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်း၊ တက်ရောက်လာသော မိခင်လောင်းများ၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များအား ကြက်ဥ၊ မုန့်၊ အိုင်အိုဒင်းဆားများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)