ရွှေတောင်မြို့၌ ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ကလေးများအား အသိပညာပေးသင်တန်း ဖွင့်လှစ်

ရွှေတောင် ဩဂုတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးကျင်းပပြုလုပ်သည့် ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ကလေးများအား အသိပညာပေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက အထက (ကြာနီကန်) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ခရိုင်လူမှုဝန်ထမ်းရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်မြင့်က ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ကလေးများကိုယ်တိုင် သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူ့အခွင့်အရေး၏အဓိပ္ပာယ်၊ CRC ၏ အခြေခံမူ(၄)ရပ်၊ CRC ၏ အခွင့်အရေး(၄)ရပ်၊ ကလေးသူငယ်ကာကွယ်စောင့်ရှာက်ခြင်း စသည့် အကြောင်းအရာများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပြည်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်ဂျမ်းဂျမ်းအေးက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်း၊ CRC ကလေးသူငယ်အခွင့်အရေးများ သဘောတူစာချုပ်၊ ကလေးတိုင်းရရှိခံစားနိုင်သည့် အခြေခံအခွင့်အရေးများကို အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် သင်တန်းသို့ တက်ရောက်သော ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့သည်။ အဆိုပါသင်တန်းသို့ ရွှေတောင်မြို့နယ်အတွင်းရှိ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)