လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကို အ.လ.က (ခွဲ) ထိန်ငူကျောင်းတွင် ကျင်းပ

အိမ်မဲ သြဂုတ် ၁၄

လူငယ်များဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ထိန်ငူကျေးရွာ .လ.က(ခွဲ)ထိန်ငူကျောင်း၌ ယနေ့နံနက် (၁၀)နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာ၌ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုတဲ့စကားအတိုင်း နိုင်ငံရဲ့အနာဂတ်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေနဲ့ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြတ်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်တဲ့ အလေ့အကျင့် ကောင်းများရရှိစေရန်၊ လူငယ်များနားထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဖလှယ် ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များ ရရှိစေရန်၊ လူငယ်များအချင်းချင်းချစ်ကြည် ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်အတွက်လူငယ်စကားဝိုင်း ကျင်းပပေးရခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်နှင့် မြို့နယ်လူငယ်ရေးရာ ကော်မတီအတွင်းရေးမှူး ဒေါ်စုမြတ်သဲတို့နှင့်အတူ Grade-8 မှ မောင်ချမ်းချမ်း ကမူးယစ်ဆေးဝါးဆိုတာခေါင်းစဥ်၊ Grade-8 မှ မောင်​ကောင်းထက်သူကမူးယစ်ဆေး ဝါးသုံးစွဲမိတဲ့ အ​ကြောင်းအရင်းများခေါင်းစဥ်၊ Grade- 9 မှ မနီလာလွင်ကမူးယစ်ဆေးဝါး သုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများ၊ Grade -8 မှ မချစ်ငယ်ငယ်ထွေးကမူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေး ပြောကြားခဲ့သည်။

ယင်းနောက်အခမ်းအနား တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့် ပတ်သတ်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကာ အခမ်းအနားသို့ .လ.က(ခွဲ)ထိန်ငူကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ချစ်သက်လယ်(အိမ်မဲ)