ကျန်းမာရေးဝန်ကြီးဌာန ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၏ အထူးကုသရေးအစီအစဉ်ဖြင့် မကွေးမြို့ ပြည်သူဆေးရုံကြီးတွင် ဒေသခံပြည်သူများအား ဆေးကုသပေး‌နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ကြည့်ရှုအားပေး

မကွေး ဩဂုတ် ၁၃

ကျန်းမာရေးဝန်ကြီးဌာန ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၏ အထူးကုသရေး အစီအစဉ်ဖြင့် မကွေးမြို့ခုတင်(၅၀၀)ဆံ့ ပြည်သူဆေးရုံကြီးတွင် ဒေသခံပြည်သူများအား ဆေးကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်၊ မကွေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနီလာလှတို့မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုအားပေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်၊ မကွေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနီလာလှတို့နှင့်အတူ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် ဒေသခံပြည်သူများအား နှလုံးရောဂါဆေးပညာ၊ အစာအိမ် လမ်းကြောင်းဆေးပညာ၊ အစာအိမ်အူလမ်းကြောင်းဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြော ဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ပညာ၊ အသည်းဆေးပညာ၊ အရိုး၊ အကြော၊ အဆစ်ဆေးပညာ၊ ဆီးချိုနှင့်ဟော်မုန်းဆေးပညာ၊ သွေးရောဂါပညာနှင့် အထွေထွေရောဂါများအား မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၊ နေပြည်တော်ခုတင် (၁၀၀၀)ဆေးရုံကြီးတို့မှ သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုသရေးအဖွဲ့သည် မကွေးပြည်သူ့ဆေးရုံကြီးနှင့် မကွေးဆေးတက္ကသိုလ်တို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီး (၉)ဦး၊ သူနာပြု(၃)ဦးတို့နှင့်အတူ ဒေသခံပြည်သူများအား ဆေးဝါးကုသပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးအကြိမ်ပြည့်မရရှိသေးသော အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးများကို catch up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများအား အစည်းအဝေးခန်းမတွင်တွေ့ဆုံ၍ မိမိတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား လာရောက် ကွင်းဆင်းကုသပေးမှုအား ပြည်သူများကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများအား လက်ဆောက်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးဝန်ကြီးဌာန ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၏ ကုသရေးအစီအစဉ်တွင် နှလုံးရောဂါဆိုင်ရာလူနာ(၇၅)ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာလူနာ(၃၄)ဦး၊ ဦးနှောက်နှင့် အာရုံကြော ဆေးကုသမှုဆိုင်ရာလူနာ(၇၆)ဦး၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာလူနာ (၇)ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာလူနာ(၆၃)ဦး၊ သွေးရောဂါဆိုင်ရာလူနာ(၁၂)ဦး၊ အထွေထွေရောဂါ ဆိုင်ရာလူနာ(၁၃၃)ဦး၊ အသည်းရောဂါဆိုင်ရာလူနာ (၂၂)ဦးနှင့် အရိုး၊ အကြော၊ အဆစ်ရောဂါဆိုင်ရာ လူနာ(၉၆)ဦး စုစုပေါင်းလူနာ(၅၁၈)ဦးတို့ကို ကြည့်ရှုကုသ‌ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)