နတ်မောက် ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရန်နှင့် အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သော အလေ့အထကောင်းများ ရရှိလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းမှကျောင်းသား/သူများဖြစ်ကြသည့် Grade-10 ကျောင်းသား မောင်သီဟနိုင်က လူငယ်နှင့် ကျန်းမာရေး၊ Grade-10 ကျောင်းသူ မခင်သူဇာထွန်းက လူငယ်နှင့်ယဉ်ကျေးမှု၊ Grade-11 ကျောင်းသူ မချိုချိုမြင့်က လူငယ်နှင့် စာဖတ်ခြင်း၊ Grade-10 ကျောင်းသူ မယွန်းရွှေရည်ခင်ခင်က လူငယ်နှင့် ကြီးပွားရေး၊ Grade-10 ကျောင်းသား မောင်ဟန်မြင့်ဇော်က လူငယ်နှင့်ပညာရေး၊ Grade-10 ကျောင်းသား မောင်သန်းတိုးအောင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးကြပြီး၊ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများကလည်း အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှဝင်း