ဇီးကုန်းမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကဗျာ၊ စာစီစာကုံး၊ ပန်းချီနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၌ ဆုရရှိသူများအား ချီးမြှင့်ခြင်းအခမ်းအနား ပြုလုပ်

ဇီးကုန်း ဩဂုတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပခဲ့သော ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကဗျာ၊ စာစီစာကုံး၊ ပန်းချီနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၌ ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ဇီးကုန်း) ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်သင်းရီက ဂုဏ်ပြုစကားများပြောကြားခဲ့ပြီး၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦးက ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို အသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် ဩဂုတ်လ(၁၁)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကဗျာ၊ စာစီစာကုံး၊ ပန်းချီနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၌ ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယနှင့် တတိယရရှိသူများအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)