ကြံခင်း ဩဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဩဂုတ်လ ၁၂ ရက်နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Youth Club အဖွဲ့ဝင်များပူးပေါင်းပြီး စာရေးဆရာမောင်ခင်မင် (ဓနုဖြူ)ရေးသားသော "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်းကျင်းပရခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်နှင့် စာပေမှရရှိသော အသိပညာဗဟုသုတတိုးပွားစေရန်၊ ဖတ်၊ မှတ်၊ လေ့လာထားသည်များကို အပြန်အလှန် ဆွေးနွေးမျှဝေနိုင်ရန် ရည်ရွယ်ကျင်းပကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စာပေချစ်မြတ်နိုးသူ Youth Club အဖွဲ့ဝင်ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသော“အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ပါအကြောင်းအရာများမှ "ဆရာ၊ ဆရာမအဆင့်မှ မှတ်စုပေးသူဆင့်သို့" ခေါင်းစဉ်အားလည်းကောင်း၊ "မဖြေနိုင်လျှင် မအောင်ချင်နှင့်" ခေါင်းစဉ်အားလည်းကောင်း၊ "ပညာတတ်ဖို့ စာဖတ်ရမည်"ခေါင်းစဉ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြသည်။
ဆက်လက်ပြီး စာပေချစ်မြတ်နိုးသူ Book Clubအဖွဲ့ ဥက္ကဋ္ဌစာရေးဆရာ ဦးအေးမြင့်အောင်(မိုးမြေသစ္စာ)နှင့် အဖွဲ့ဝင်များက အဆိုပါစာအုပ်ခေါင်းစဉ်ပါ အချက်များအပေါ် သုံးသပ်ဆွေးနွေးရာတွင် လူတော်၊ လူကောင်းပညာတတ်တပည့်ကောင်းများ ပေါ်ထွန်းလာစေရန် ခံယူချက်၊သဘောထား၊ ကျင့်သုံးဆောင်ရွက်မှုနှင့် အားထုတ်လေ့လာမှတ်သားလိုစိတ်ရှိဖို့ လိုအပ်သလို အမွေဆက်ခံသူကောင်းဖြစ်ဖို့လိုအပ်ပါကြောင်း၊ ဆရာများ၏ ဂုဏ်ကျေးဇူးအား အမြဲသိတတ်သူများဖြစ်ဖို့လိုကြောင်း၊ သို့မှသာအောင်မြင်မှုပန်းတိုင်ရောက်မှာဖြစ်ကြောင်းအား ပုံဖော်ရေးသားထားသောအချက်များကို ဆွေးနွေးရာ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ Book Clubအဖွဲ့နှင့် Youth Clubအဖွဲ့ဝင်များက မိမိတို့၏ သဘောထားအမြင်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)