မအူပင်မြို့တွင် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မအူပင်၊ ဩဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မအူပင်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့် စီမံကိန်းအတွက် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက လယ်ကိုင်း‌ဘုန်းတော်ကြီးကျောင်း တန်ဆောင်းတော်ကြီးအတွင်း ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်း‌ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဆွေဇင်အေးက ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု ဖော်ဆောင်ပေးခြင်းဖြင့် အသေးစားအငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်နှင့် လူငယ်များအားအလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးခြင်းဖြင့် ပြည်သူများဝင်ငွေတိုးပွားစေရန်စသည့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူးကိုယ်စား တာဝန်ရှိသူများက အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရန်နှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအား လယ်ကိုင်းကျေးရွာရှိ စီမံကိန်းကော်မတီဝင်များသို့ စီမံကိန်းလုပ်ငန်း တာဝန်များ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ ၎င်းနောက် တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ(၁) လတာကာလအတွင်း စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)