မင်းကင်းမြို့နယ်၌ မိုးစပါး မျိုးစေ့ထုတ်စံပြစိုက်ကွက် (RS) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

မင်းကင်း ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် မိုးစပါး မျိုးစေ့ထုတ်စံပြစိုက်ကွက် (RS) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၈ နာရီက မင်းကင်းမြို့နယ်၊ သလာဘာကျေးရွာ၊ ကွင်းအမှတ် (၇၈၁) တောင်သူ ဦးထွန်းစိန်၏ လယ်မြေ၌ ကျင်းပကြောင်း သိရသည်။

ကွင်းသရုပ်ပြပွဲတွင် မင်းကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက အမှာစကားပြောကြားခဲ့ပြီးနောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဟေမာန်ကျော်ဝင်းက ဧရာမင်း (RS)မျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးခြင်းအားဖြင့် ဒေသကိုက်ညီသည့် စပါးမျိုးကောင်းမျိုးသန့်များ မြို့နယ်အတွင်း အလွယ်တကူ၀ယ်ယူရရှိနိုင်ကြောင်း၊ မျိုးကောင်းမျိုးသန့်သုံးစွဲခြင်းဖြင့် အထွက်နှုန်းကောင်းမွန်ကြောင်း၊ ရာသီဉတုဒဏ်၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။       

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ဒေသခံတောင်သူများ၊ ကောက်စိုက်သမားများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)