ဘားအံမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး သင်တန်းဖွင့်လှစ်

ဘားအံ ဩဂုတ် ၁၄

ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဘားအံ)တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်းဖွင့်ပွဲကို ဩဂုတ် ၁၂ ရက်နေ့နံနက်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဇော်နှင့် ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက အဖွင့်အမှာစကားပြောကြားပြီးနောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမ္မဂ္ဂကွန်ဗင်းရှင်းတွင် မြန်မာနိုင်ငံပါဝင်မှု၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဉပဒေ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလမ်းကြောင်းနှင့် ကျား/မအခြေပြုအကြမ်းဖက်မှုများအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့သည်။

အဆိုပါသင်တန်းတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဘားအံ)မှ ကျောင်းသားကျောင်းသူ(၁၁၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဩဂုတ်လ ၁၂ရက်နေ့မှ ၁၄ရက်နေ့အထိဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)