ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ ပင်မရေပိုလွှဲမှ ၀.၂ ပေရေစတင်ကျော်သောကြောင့် အစိမ်းရောင်အလံလွှင့်ထူ၍ အသိပေးနှိုးဆော်ထား

ငဖဲ  ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ရင်းရှည်ရေလှောင်တမံနှင့် မန်းချောင်းရေ လှောင်တမံရှိသည့်အနက် မန်းချောင်းရေလှောင်တမံသည် တမံအမြင့် ပေ ၆၄၀ ၊ ဆည်ရေပြည့်အမှတ် ၆၂၅ ပေ ရှိရာမှ  ဩဂုတ်လ ၁၃ ရက်နေ့တွင် ၆၂၅.၂၀ ပေ သို့ ရောက်ရှိပြီး ပင်မရေပိုလွှဲမှ ၀.၂ ပေအမြင့် အဖြစ် စတင်ရေကျော်လျက်ရှိ၍ အရေးပေါ် အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက်အရ ပြည်သူများသိရှိနိုင်ရန် အစိမ်းရောင် အလံလွှင့်ထူထားရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းမြင့်ကြည်ထံမှ သိရသည်။

ယခုလက်ရှိတွင် မန်းချောင်းရေလှောင်တမံအတွင်း ရေပြည့်မှတ်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်ကျမှုများ ရှိနေသော်လည်း မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိနိုင်ရန် အရေးပေါ် အခြေအနေကြိုတင်စီမံခန့်ခွဲမှုအဆင့်(၁)အဖြစ် သတ်မှတ်ပြီး တမံရေပိုလွှဲ၊ ရေထုတ်ပြွန်နှင့် ရှင်းလင်းဆောင်နေရာများတွင်လည်းကောင်း၊ မန်းချောင်းတမံဆည်ရေသောက်ဧရိယာအတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင်လည်းကောင်း အစိမ်းရောင်အလံ လွှင့်ထူထားရှိပြီး တမံ၊ ရေထုတ်ပြွန်နှင့် ဆက်စပ်အဆောင်အဦများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်းနှင့် ၂၄ နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံမှ ယခင် ၂၀၂၁ ခုနှစ်ကလည်း ရေကျော်ကျမှုရှိပြီး ဒေသခံ ပြည်သူများအနေဖြင့် စိုးရိမ်စရာ အခြေအနေ မရှိကြောင်း၊ တမံအထက်ပိုင်းတွင် မိုးရေချိန် ၀.၉၇ လက်မရွာ သွန်းခဲ့သည့်အတွက် ဆည်အတွင်း တောင်ကျချောင်းရေနှင့် မိုးရေများ အဆက်မပြ တ်ဝင်ရောက်မှုတို့ကြောင့် ရေပိုလွှဲမှ ရေကျော်ကျခြင်းဖြစ်ကြောင်းနှင့် တမံအခြေအနေများနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာ အခြေအနေရှိ၊ မရှိ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်သွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)