ပြည်မြို့ ကိုးသောင်း မူလတန်းလွန်ကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည် ဩဂုတ် ၁၁

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်မြို့ ကိုးသောင်း မူလတန်းလွန်ကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်မိုဘိုင်းယာဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနိုင်ရန် စီစဉ်ပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူငယ်အသိပညာပေးဟောပြောပွဲ‌ ဆောင်ရွက်ရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်နော်အေးမေက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ တိုးပွားရရှိ‌ရေး သေချာဂရုပြုလေ့လာ မှတ်သားနာယူကြရန် အမှာစကားပြောပြီး ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုသန့်က လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး စသည့် လူငယ်အသိပညာ‌ပေးအကြောင်းအရာများကို ဟောပြောဆွေးနွေးသည်။

ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက ခင်းကျင်းပြသထားသော လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ သွေးလွန်တုပ်ကွေး‌ရောဂါဆိုင်ရာနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာမှတ်သားကြပြီး နယ်လှည့်စာကြည့်တိုက် မိုဘိုင်းယာဉ်မှ သုတ/ရသစာအုပ်စာစောင်များကို ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)