ပဲခူး ဩဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)အား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခုအခါ ပဲခူးမြစ်ရေသည် အချို့နေရာများတွင် ရေများ ပြန်လည်ကျဆင်းလျက်ရှိ နေပြီဖြစ်၍ အများနှင့် သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ အဆောက်အဦများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ လမ်းများကို ပထမဦးစားပေး သန့်ရှင်းရေးပြုလုပ်ပေးရန် လိုအပ်ကြောင်း၊ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများတွင် ဝမ်းရောဂါအပါအဝင် အခြားကူးစက်ရောဂါများ မဖြစ်ပွားစေရေး ခြင်ဆေးဖြန်းခြင်း၊ လက်ဆေးဆပ်ပြာရည်နှင့် ရေကောင်းရေသန့်ရရှိစေရေး စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးရန် လိုအပ်ပြီး ယာယီရေဘေးရှောင်စခန်းများရှိ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပဲခူးဒေသတွင် (၃)နှစ်တစ်ကြိမ်ခန့် ရေကြီးခြင်းဖြစ်ပေါ်နေသဖြင့် ရေကြီးရခြင်း၏ အကြောင်းကို ရှာဖွေ၍ လိုအပ်ပါက ရေကျဆင်းမှု မြန်ဆန်စေရေး ရေထွက်ပေါက်များ ပြန်လည်အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရပ်ကွက်များအတွင်း ရေဝပ်ကျန်ရှိခဲ့သည့် နေရာများတွင် ဆိုလာရေစုပ်စက်ဖြင့် အမြန်ဆုံး ရေများ စုပ်ထုတ်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ နယ်မြေ အလိုက် ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ပေးထားသည့် အစိုးရအဖွဲ့ဝန်ကြီးများက ယာယီရေဘေး ရှောင်စခန်းများအလိုက် စာရင်းဇယားများအား စနစ်တကျ ပြုစုထားရန်နှင့် ယာယီရေဘေးရှောင် စခန်းများအလိုက် စွန့်ပစ်အမှိုက်များ အချိန်မီ သိမ်းဆည်းသွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ရေကြီးနစ်မြှုပ်သည့် နယ်မြေအလိုက် တာဝန်ခံကြီးကြပ်လျက်ရှိသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းတစ်ခုချင်းအလိုက် စီမံဆောင်ရွက်နေမှု အခြေအနေ များနှင့် သီးခြားလိုအပ်ချက်များအား တင်ပြခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေး ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဟန်က တပ်မတော်သားများအနေဖြင့် ရေကြီးနစ်မြှုပ်သည့် ရပ်ကွက်/ကျေးရွာများ အလိုက် ပံ့ပိုးကူညီဆောင်ရွက်နေမှုနှင့် ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် အခြေအနေများကိုလည်းကောင်း အသီးသီး တင်ပြခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် တပ်မတော်/ဌာနဆိုင်ရာများ၊ ရေဘေးကယ်ဆယ်ရေးစခန်း များတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပဲခူးမြို့နယ်အတွင်း ယာယီရေဘေးရှောင်စခန်းများအလိုက် လူဦးရေစာရင်းနှင့် ထောက်ပံ့မှု အခြေအနေများအား Power Point ဖြင့်လည်းကောင်း အသီးသီးရှင်းလင်း တင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)