ချည်မျှင်ရှည်ဝါများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ စိုက်ပျိုးတောင်သူများက ဈေးကောင်းရရန် မျှော်လင့်

မြင်းမူ ဩဂုတ် ၁၃

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ယခုနှစ်အတွက် မိုးကြိုချည်မျှင်ရှည်များကို  ဒေသနှင့် ကိုက်ညီသော ဝါမျိုးများကိုရွေးချယ်စိုက်ပျိုးခဲ့ကြရာ ယခုအချိန်တွင် အပင်သက်တမ်း(၃) လသား အရွယ်သို့ရောက်ရှိခဲ့ပြီး  အပွင့်များ ပွင်းဖူးပွင့်ကာ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရသည်။

ဝါစိုက်ပျိုးရာတွင် (၁)ဧကအတွက် မျိုးစေ့၊ ထွန်ယက်ခ၊   လုပ်အားခနှင့် ဆေးဝါးအသုံးပြု ကုန်ကျစရိတ် အပါအဝင် ငွေကျပ်(၁၄၀၀၀၀)နီးပါးကုန်ကျမှုရှိကြောင်း၊  စိုက်ပျိုးပြီး (၄)အကြာတွင်

(မကြာမီ) စတင်ကောက်ယူရရှိတော့မည်ဖြစ်ပြီး အနည်းဆုံး(၅)ကြိမ်ထိ ကောက်ယူရရှိနိုင်မည်ဖြစ်ရာ ဝါပိသာချိန်(၃၅၀)နှင့် (၄၀၀)ပိသာအထိ ထွက်ရှိမည်ဖြစ်ကြောင်း၊ ယမန်နှစ် ဝါဈေးနှုန်းအနေဖြင့် (၁)ပိသာ(၁၈၀၀)မှ  အမြင့်ဈေး(၃၈၀၀)ကျပ်အထိ ရောင်းချခဲ့ရကြောင်း၊ ယခုနှစ်တွင်လည်း ဝါဈေးကောင်းရရန် မျှော်လင့်လျက်ရှိကြကြောင်း   ဝါစိုက်တောင်သူ ဦးသဲမောင်ထံမှ သိရသည်။

မြင်းမူမြို့နယ်အနေဖြင့်   ယခုနှစ်တွင်ချည်မျှင်ရှည်ဝါ (၂၁၉၃၉)ဧက စိုက်ပျိုးရန် လျှာထားဆောင်ရွက်ခဲ့ရာ  ရာနှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လိုအပ်သည့် မျိုးစေ့ ၊ နည်းပညာများနှင့် ပတ်သက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။

အောင်စိုးဖေ(မြင်းမူ)