ပခုက္ကူ ဩဂုတ် ၁၃
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူတက္ကသိုလ်၌ ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များဆိုင်ရာ Academic Infographic Contest (2023) ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်က အဆိုပါတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က “ကျောင်းသား၊ကျောင်းသူများ အနေဖြင့် မိမိသင်ယူလေ့ထားသည့် ဘာသာရပ်များနှင့် ပတ်သက်၍ ဝေဖန်ပိုင်းခြား တွေးခေါ်တတ်ခြင်း၊ ဆန်းသစ်သောနည်းပညာရပ်များကို တီထွင်းဖန်တီးတတ်ခြင်း၊ ထိရောက်သော နည်းလမ်းများ အသုံးပြု၍ ဆက်သွယ်ဆောင်ရွက်တတ်ခြင်း၊ ပူးပေါင်းဆောင် ရွက်တတ်ခြင်းစသည့် ၂၁ ရာစု၏ ကျွမ်းကျင်မှုအတတ်ပညာရပ်များကို သိရှိပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်တတ်စေရန်၊ သုတေသနဆိုင်ရာ ရှာဖွေပြုစုရေးနည်းလမ်းများ ပိုမိုတိုးတက်လာစေရန်၊ ဘာသာရပ်များနှင့် ပတ်သက်၍ ပိုမိုကျွမ်းကျင်တတ်မြောက်ပြီး လက်တွေ့အကောင်အထည်ဖော် အသုံးပြုတတ်ကြစေရန်၊ ကျောင်းသား၊ကျောင်းသူများအကြား စည်းလုံးညီညွှတ်မှုအား ပိုမိုကောင်းမွန်လာစေရန်တို့အတွက် ရည်ရွယ်ကျင်းပပေးရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပခုက္ကူတက္ကသိုလ်၊ ဝိဇ္ဇာနှင့်သိပ္ပံပညာရပ်များဆိုင်ရာ Academic Infographic Contest (2023)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ဘွဲ့လွန်သင်တန်း အကောင်းဆုံးဆုများကိုလည်းကောင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းအိ(စီမံ)က ဘွဲ့ကြိုဂုဏ်ထူး တန်းအကောင်းဆုံးဆုများကိုလည်းကောင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွဏ်(သင်ကြား)က ဘွဲ့ကြိုသင်တန်း အကောင်းဆုံးဆုများကိုလည်းကောင်း၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ (ဌာနမှူး)များက နှစ်သိမ့်ဆုများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် ပခုက္ကူတက္ကသိုလ်၊ ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်ဌာနအသီးသီးက ပထမနှစ်မှ စတုတ္ထနှစ်အထိ ဘွဲ့ကြို သင်တန်းပြိုင်ပွဲဝင်(၁၉)ဖွဲ့၊ မဟာဝိဇ္ဇာနှင့် သိပ္ပံ(ဘွဲ့ကြို)သင်တန်း(၆)ဖွဲ့၊ စုစုပေါင်း(၂၅)ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲအကဲဖြတ် ဒိုင်လူကြီးများက ဝိဇ္ဇာ/သိပ္ပံပညာရပ်ဆိုင်ရာ အရည်အချင်း စံနှုန်းသတ်မှတ်ချက်များနှင့်အညီ အမှတ်ပေးရွေးချယ်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)