တမူးမြို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

တမူး  သြဂုတ်   ၁၃

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာအသိ ပညာပေး ဟောပြောပွဲကို သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀  နာရီအချိန်က အမှတ်( ၁) အခြေခံပညာ အထက်တန်းကျောင်း ကဘော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တမူးခရိုင်ပညာရေးမှူး ဦးဟန်ရွှေက အသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များနှင့်အဂတိတရား လိုက်စားခြင်းနှင့်ပတ်သက်သည့် အကျိုးအပြစ်များကို ဆွေးနွေး ဟောပြောခဲ့ပြီး တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးညီညီဇော်က အဂတိလိုက်စားမှု၏ အဓိပ္ပါယ်၊ အဂတိတရားလေးပါး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် သမိုင်းအကြောင်းအရာများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအကြောင်းအရာများ၊ ကော်မရှင်၏ ရည်ရွယ်ချက်များနှင့် တာဝန်နှင့်လုပ် ပိုင်ခွင့် အကြောင်းအရာများကို လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တမူးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကြုံဒေါင်းက လူငယ်နှင့်အားကစား ခေါင်းစဥ်အကြောင်းအရာများဖြင့် ဟောပြောခဲ့ကြပြီး အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား / ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အလားတူ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၌ ယင်းနေ့ နံနက်( ၉) နာရီအချိန်က  "အဂတိကင်းကွာ ပြည်သာယာ" ခေါင်းစဥ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ စာစီစာကုံးပြိုင်ပွဲကို ကျင်းပခဲ့ရာအခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၉၀) ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

ရတနာ