ပြည် သြဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ပြည်မြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဇင်ဦးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်နော်အေးမေတို့က အခမ်းအနားနှင့်စပ်လျဉ်း၍ အမှာစကားများပြောကြားပြီး ပြည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကေခိုင်ဝင်းက မြို့နယ်အတွင်း ကျောင်းကျန်းမာရေး လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းများအား ပရိုဂျက်တာပါဝါပွိုင့်များဖြင့် ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် မြို့နယ်အဆင့်အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း(ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲ)တို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆုများအပါအဝင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ(၃၃)ဦးတို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ တက်ရောက်လာကြသူများကို ကျောင်းသား၊ ကျောင်းသူများနှင့် ကျန်းမာရေးဆရာ၊ ဆရာမများက လက်ဆေးနည်း အဆင့်ဆင့်နှင့် စနစ်မှန်သွားတိုက်နည်းအား လက်တွေ့သရုပ်ပြခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တိုင်းပညာရေးမှူးရုံး(ရုံးခွဲ)ပညာရေးမှူးဦးတင်ယု၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဆရာ/ဆရာမများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် လူမှု့ရေးအသင်အဖွဲ့များ တက်ရောက်ကြပြီး အခမ်းအနားတွင်ခင်းကျင်းပြသထားသော ဆုရကျောင်းသား၊ ကျောင်းသူများ၏ (ပန်ချီ၊ ကာတွန်း၊ ပိုစတာ၊ ကဗျာနှင့် စာစီစာကုံး) လက်ရာမွန်များအား ကြည့်ရှုအားပေးကြကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)