ပွင့်ဖြူမြို့နယ် အသိဉာဏ်ပညာဗဟုသုတနှင့်ပြည့်စုံသည့် လူတော်လူကောင်းများပေါ်ထွက်လာစေရန်ရည်ရွယ်၍  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ပွင့်ဖြူ     ဩဂုတ်      ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ၊ အတွေးအခေါ်မှန်ကန်ရေးနှင့် အသိဉာဏ်ပညာတိုးပွားစေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စီစဉ်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁၂ ရက် ၊ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးဟောပြောပွဲတွင် ဦးစွာပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ကျောင်းသားကျောင်းသူများ ကာယ ၊ ဉာဏ ၊ စာရိတ္တ ၊ မိတ္တ ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာဗဟုသုနှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကို အရှိန်အဟုန်မပျက် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများကလည်း ပညာရည်ထူးချွန်ထက်မြက်ပြီး ယဉ်ကျေးလိမ္မာသော လူတော်လူကောင်းများ ဖြစ်စေရန်အတွက် ပညာသင်ယူချိန်အရွယ်၌ ဘဝရည်မှန်းချက်များချမှတ်၍ ကြိုးစားသင်ယူကြစေလိုကြောင်း၊ ကျောင်းစည်းကမ်းအား တိကျစွာလိုက်နာကြရန် ၊ ဆရာ/ဆရာမများ၏ ဆိုဆုံးမမှုများကို အလေးထား လိုက်နာကြရန်နှင့် ကျောင်းတက်မှန်ကန်ရေး မပျက်မကွက်လိုက်နာကြရန် လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးမင်းအောင်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့်အချက်များ ၊ နိုင်ငံတော်မှ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းစီမံချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ လက်တွေ့နယ်ပယ်တွင် ဖြစ်စဉ်များအား သာဓကပြု၍ စုံစမ်းဖော်ထုတ်ပြီး လုပ်ထုံးလုပ်နည်းဥပဒေ ၊ နည်းပဥဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နေမှုများကို ဆွေးနွေးဟောပြောပြီး ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ရှယ်ရတနာဦးက ကျောင်းသားကျောင်းသူများ စည်းလုံးညီညွတ်စွာဖြင့် ပညာဆည်းပူးသင်ယူကြန်ရန်၊ ခိုက်ရန်ဒေါသ ဖြစ်ပွားမှုများဖြစ်ပေါ်လာပါက ဖြစ်စဉ်အပေါ်မူတည်ပြီး အရေးယူခံရမည့် ဥပဒေပုဒ်မများနှင့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်ထွန်းက ကျောင်းသားကျောင်းသူများ စိတ်ဓာတ်/စည်းကမ်း ကြံ့ခိုင်ကောင်းမွန်ရေး လိုက်နာရမည့်အချက်များ ၊ ပညာရည်ထူးချွန်ထက်မြက်ပြီး ယဉ်ကျေးလိမ္မာသော လူတော်လူကောင်းများဖြစ်လာစေရန် မိဘ/ဆရာများ၏ ပဲ့ပြင်ဆုံးမမှုကို အလေးထားလိုက်နာကြရန်၊ သင်ကြားပို့ချပေးသည့် ဘာသာရပ်များအလိုက် တတ်သိနားလည်ကျွမ်းကျင်အောင် ကြိုးစားသင်ယူကြရန် ဆွေးနွေးဟောပြောခဲ့သည်။

ဆွေးနွေးဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက အသိပညာပေး ဟောပြောသည့် သိမှတ်ဖွယ်ရာအကြောင်းအရာများနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက  ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )