စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ချင်းတွင်းမြစ်ကမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုအားပေးခြင်းနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ သြဂုတ် ၁၃

ချင်းတွင်းမြစ်ကမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် မြို့နေပြည်သူများ စနစ်တကျအမှိုက်စွန့်ပစ်ခြင်းဖြင့် ရေထုညစ်ညမ်းခြင်း၊ ရေနေသတ္တဝါနှင့်အဏ္ဏဝါပတ်ဝန်းကျင် ညစ်ညမ်းမှုတို့အား ကာကွယ်တားဆီးနိုင်စေရန်ရည်ရွယ်၍ သြဂုတ်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် ကွေ့ကြီးရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းတစ်လျှောက်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများနှင့် လူမူရေးအသင်းအဖွဲ့များစုပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၂၉ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၃၀၀၀ ဦးကျော်ဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့် မြို့သန့်ရှင်းသပ်ရပ်သာယာရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ ရပ်ကွက်နေပြည်သူများ အဆင့်အတန်းမီစွာနေထိုင်ရေးနှင့် နွေ၊ မိုး၊ ဆောင်းရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရေးအတွက် တစ်နာရီလျှင်နိုင်လွန်ကတ္တရာ ၃၅ တန် ထုတ်လုပ်နိုင်သည့် ကွေ့ကြီးရပ်ကွက်ရှိ နိုင်လွန်ကတ္တရာစက်ရုံသို့ရောက်ရှိရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာစက်ရုံ ထုတ်လုပ်မှုလုပ်ငန်း အခြေအနေများအား လိုက်လံရှင်းလင်း ပြသကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ ပိတောက်လမ်းအရှည် ၂၄၆၀ ပေ၊ အကျယ် ၁၈ ပေ၊ ၃ လက်မထု နိုင်လွန်ကတ္တ ရာလမ်းခင်းကျင်းပြီးစီးမှုအား ဖြတ်သန်းကြည့်ရှုစစ်ဆေးပြီး ကုက္ကိုလမ်း အရှည် - ၂၃၀၀ ပေ၊ အရှည် ၁၈ ပေ၊ ၃ လက်မထု နိုင်လွန်ကတ္တရာခင်းကျင်းနေမှု လုပ်ငန်းခွင်သို့ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက ဘဏ္ဍာနှစ်အလိုက် မုံရွာမြို့ရှိ ရပ်ကွက်များအတွင်း လမ်းများအဆင့်မြှင့်တင်ခြင်းနှင့် နိုင်လွန်ကတ္တရာ လမ်းများဆောင်ရွက်နေမှုလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်နေမှုလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိုင်လွန်ကတ္တရာလမ်းခင်းကျင်းနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

တိုင်းဒေသကြီး၊ ပြန်/ဆက်